Tuesday, May 28, 2019

ပြည့်တန်ဆာကိစ္စမြှူဆွယ်ကာ ကုန်တင်ယာဉ်မောင်းကို ဝိုင်းဝန်းရိုက်နှက်ခဲ့သည်ဆိုသူ ၄ ဦးကို လှည့်ကင်းအဖွဲ့က ဖမ်းဆီး


ဓာတ်ပုံ - ရေတာရှည်မြို့မရဲစခန်း

ရေတာရှည်မြို့နယ်၌ ပြည့်တန်ဆာကိစ္စမြှူဆွယ်ကာ ကုန်တင်ယာဉ်မောင်းကို ဝိုင်းဝန်းရိုက် နှက်ခဲ့သည်ဆိုသူ ၄ ဦးကို လှည့်ကင်းအဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ရေတာရှည်မြို့မ ရဲစခန်းမှ မေ ၂၆ ရက်က သိရသည်။

 မေ၂၅ ရက် မွန်းလွဲ ၃ နာရီခွဲအချိန်ခန့်တွင် တောင်ကြီးမြို့နေ ယာဉ်မောင်း အမျိုးသားသည် (၁၂)ဘီး ယာဉ်ဖြင့် သကြားနှင့် ဂျုံအိတ်များတင်ဆောင်၍ ရန်ကုန်မြို့မှ ထွက်ခွာခဲ့ပြီး မေ ၂၆ ရက်နေ့ နံနက် ၄ နာရီ အချိန်တွင် ရေတာရှည်မြို့ မရောက်မီ (၂)မိုင်ခန့်အကွာ ဆီဆိုင်အနီးအရောက် ယာဉ်ကို ခေတ္တရပ်ကာ အောက်သို့ဆင်းခဲ့သည်။

ထိုစဉ် အသက်(၂၀) နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦး ရောက်ရှိလာပြီး ကာမကိစ္စနှင့် ပတ်သက်၍လုပ်ကိုင်လိုကြောင်း မေးရာ မလုပ်လိုကြောင်းပြောဆိုပြီး ကားရှိရာသို့ ပြန်လာခဲ့သည်။

ယင်းသို့ ပြန်လာခဲ့ရာ လမ်း၌ အမျိုးသား (၃)ဦးက ဝါးရင်းတုတ်ဖြင့် ဝိုင်းဝန်းရိုက်နှက်ခဲ့သဖြင့်  ဦးခေါင်း ဖူးရောင်၊ ဝဲလက်ဖျံပွန်းပဲ့၊ ယာခြေသလုံး ပွန်းပဲ့ဒဏ်ရာ  ရရှိခဲ့ပြီး ၎င်းတို့ ၄ ဦးက HUAWEI အမျိုးအစား လက်ကိုင်ဖုန်း(၁)လုံးနှင့် ငွေ ၈၀ဝဝဝ တို့ ကို လုယူသွားခဲ့သည် ။

တိုင်ကြားသူက ကားကို ဆက်လက်မောင်းနှင်ကာ ရေတာရှည်မြို့ ဗိုလ်ချုပ်ကြေးရုပ် အနီးအရောက် လှည့်ကင်းတာဝန်ကျ ရဲတပ်ဖွဲ့ဝင်များအား အကူညီတောင်းခံနေစဉ် လုယက်သူ(၄)ဦးမှာ ဆိုင်ကယ် (၂) စီးဖြင့် ရေတာရှည်မြို့ မြောက်ဘက်သို့ မောင်းနှင်သွားသည်ကို မြင်တွေ့သဖြင့် ရဲတပ်ဖွဲ့ဝင် များနှင့် အတူ လိုက်လံဖမ်းဆီးခဲ့သည်။

ထိုသို့ဖမ်းဆီးစဉ် မျက်ခြေ ပြတ်သွားသဖြင့် ရဲတပ်ဖွဲ့ဝင်များက လှည့်ကင်းတာဝန်ကျ တပ်ဖွဲ့ဝင်များနှင့် အချင်းချင်း ချိတ်ဆက် ရှာဖွေခဲ့ရာ နံနက် ၅ နာရီခွဲ အချိန်တွင် လုယက်သူများထဲမှ ရေတာရှည်မြို့ နယ်နေ သန်းမြတ်ဦး (ခ)ဝတုတ် (၂၁)နှစ် ကို ဖမ်းဆီးရမိခဲ့သည် ။

၎င်းကို စစ်ဆေးချက်များအရ အမှုတွင်ပါဝင်သူ အုန်းသီး (ခ)ကိုမျိုး (၃၅)နှစ် ၊မစိုးစိုး (၁၉)နှစ် နှင့် သက်ဇော်အောင် (ခ)ဦးကြီး (၃၄)နှစ် တို့ကို ဖမ်းဆီးကာ ရေတာရှည်မြို့မရဲစခန်းက (ပ) ၂၇၅/၁၉ ရာဇသတ်ကြီး ပုဒ်မ ၃၉၄ အရ အမှုဖွင့် အရေးယူထားသည်။ .

credit : mmtimes
Disqus Comments