Tuesday, May 28, 2019

အမျိုးသားအဖော်အား အိပ်ဆေးခတ်ကာ ရတနာပစ္စည်းနှင့်ငွေများ ခိုးယူခဲ့သည့် အမျိုးသမီးကို မြဝတီ၌ ဖမ်းဆီးရမိ

ဓာတ်ပုံ- ရွှေပြည်သာမြို့မရဲစခန်း
ရွှေပြည်သာမြို့နယ်အတွင်း အတူတည်းခိုနေထိုင်ခဲ့သူ အမျိုးသားထံမှ ရတနာပစ္စည်းနှင့်ငွေများ ခိုးယူခဲ့သည့် အမျိုးသမီးအဖော်ကို မြဝတီမြို့၌ ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က မေ ၂၄ ရက်တွင် သတင်းထုတ်ပြန်သည်။


မေ ၈ ရက်၊ ည ၇ နာရီခွဲ အချိန်ခန့်တွင်  ရွှေပြည်သာမြို့နယ် ဘုံရှည်ကုန်းကျေးရွာနေ အမျိုးသားသည် ရွှေပြည်သာမြို့နယ်ရှိ ဟိုတယ်တစ်ခု၌  တည်းခိုနေထိုင်စဉ် ၎င်းနှင့် အတူပါလာသူ အမျိုးသမီးအဖော်က ဘီယာခွက်အတွင်း အိပ်ဆေးခတ်ကာ ၎င်းပိုင် ရွှေဟန်းချိန်း၊ ရွှေဆွဲကြိုး ၊ ရွှေကြုတ်လော့ကတ်၊ နဝရတ်ကိုးသွယ် လက်စွပ် တစ်ကွင်း၊ ဖုန်းနှစ်လုံးနှင့် ငွေကျပ် ၂၅၀၀၀၀ (စုစုပေါင်း ကျပ် ၁၀၃၆၄၀၀၀ ဖိုးခန့်)ကို ယူဆောင် ထွက်ပြေးသွားသည်ဆိုကာ ရွှေပြည်သာမြို့မရဲစခန်းသို့ လာရောက်တိုင်ကြားခဲ့သည်။

အဆိုပါအမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့မှ စုံစမ်းခဲ့ရာ ပြစ်မှုကျူးလွန်ခဲ့သည်ဆိုသူ အမျိုးသမီးမှာ မြဝတီမြို့ သို့ရောက်ရှိနေကြောင်း သတင်းအရ ကရင်ပြည်နယ်ရဲတပ်ဖွဲ့ထံသို့ ချိတ်ဆက်အကူညီ တောင်းခံ ကာ ပြစ်မှုကျူးလွန်သူ မချိုမင်းသူကို မြဝတီမြို့တွင် ဖမ်းဆီးခဲ့သည်။

၎င်းကို စုံစမ်းချက်အရ သူငယ်ချင်းဖြစ်သူသန္တာဗိုလ်ဆိုသူ နေအိမ်သို့ လာရောက်၍ ဖုန်းနံပါတ်(၁)လုံးပေးပြီး အဆိုပါဖုန်းသို့ ဆက်ကာ ငွေခြူရန်ပြောဆိုသဖြင့် ဖုန်းဆက်ချိန်းဆိုကာ လက်ဖက်ရည်ဆိုင်တွင် အဆိုပါအမျိုးသားနှင့် ၎င်းတို့ တွေ့ဆုံခဲ့ကြသည်။

ထို့နောက် ယင်းအမျိုးသားက မုန့်ဖိုး ကျပ် ၈၀၀၀၀ ပေးမည်ဟု ပြောဆို ခေါ်ဆောင်သဖြင့် လိုက်သွားခဲ့ကြောင်း၊ သန္တာဗိုလ်က ၎င်းအား အိပ်ဆေးမှုန့်(၁)ထုပ်ပေးခဲ့ကြောင်း၊ ထို့နောက် ဟိုတယ်တစ်ခု၌ တည်းခိုနေထိုင်စဉ် ယင်းအမျိုးသား၏ ဘီယာခွက်အတွင်း အိပ်ဆေးမှုန့် ထည့် တိုက်ကာ ရွှေထည်ပစ္စည်းများ၊ လက်ကိုင်ဖုန်း ၂လုံးနှင့် ကျပ်၂၅၀၀၀၀ တို့ကို ယူဆောင်ခဲ့ကြောင်း၊ ထို့နောက် ခင်ပွန်းဖြစ်သူ သောမတ်(စ်) နှင့် သူငယ်ချင်းဖြစ်သူ သန္တာဗိုလ် တို့ကို ဆိုင်ကယ်ဖြင့် လာကြိုခိုင်းခဲ့ကြောင်း၊ ရတနာပစ္စည်း များအား ထုခွဲရောင်းချ၍ သန္တာဗိုလ်နှင့် ခွဲဝေယူခဲ့ကြကြောင်း၊ မချိုမင်းသူ နှင့် ခင်ပွန်းဖြစ်သူ သောမတ်(စ်) တို့  မြဝတီမြို့၌ အိမ်ငှား၍ ရှောင်ပုန်းနေခြင်းဖြစ်ကြောင်း ပြောပြသိရှိခဲ့သည်။

သက်ဆိုင်ရာက အမှုတွင်ပါဝင်ပြီး တိမ်းရှောင်နေသည်ဆိုသူ သန္တာဗိုလ် ကို စစ်ဆေးနိုင်ရန် ဆက်လက် ဆောင်ရွက်လျက်ရှိသည်။

credit : mmtimes
Disqus Comments