
ရှမ်းနှင့် ရခိုင်ယူနိုက်တက် အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့စဉ်။ဓာတ်ပုံ- ဗိုလ်ချုပ်အောင်ဆန်းဒိုင်း။
ကျင်းပပြီးစီးခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်တစ်ပွဲဖြစ်သည့် ရှမ်းနှင့် ရခိုင်ယူနိုက်တက်ပွဲစဉ်တွင် လူမျိုးရေးခွဲခြားသည့် အသုံးအနှုန်းပြောဆိုခဲ့သည့် ရုပ်သံတင်ဆက်သူကို ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချသော်လည်း မြန်မာနေရှင်နယ်လိဂ်ဘက်မှ အရေးယူ၍မရကြောင်း နေရှင်နယ်လိဂ် တာဝန်ရှိသူတစ်ဦးက ပြောဆိုခဲ့သည်။
ဝေဖန်
ပြီးခဲ့သည့် မေ ၂၅ရက်က ယှဉ်ပြိုင်ခဲ့သည့် ရှမ်းနှင့် ရခိုင်ယူနိုက်တက်ပွဲစဉ်တွင် ရှမ်းယူနိုက်တက်က လေးဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ အဆိုပါပွဲစဉ်တွင် ရှမ်းယူနိုက်တက်က အဖွင့်ဂိုးသွင်းယူပြီးချိန်၌ ရုပ်သံအစီအစဉ်တင်ဆက်သူက ရခိုင်ယူနိုက်တက်အသင်းအပေါ် လူမျိုးရေးခွဲခြားသည့် အသုံးအနှုန်းပြောဆိုခဲ့သည်။
ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ ပရိသတ်များအကြား ဝေဖန်မှုများလည်း တစ်ဟုန်ထိုး မြင့်တက်ခဲ့သည်။ ရခိုင်ယူနိုက်တက်အသင်းက အဖြစ်အပျက်နှင့်ပတ်သက်၍ ကန့်ကွက်ရှုံ့ချကြောင်း၊ လူမျိုးရေးခွဲခြားသည့် အသုံးအနှုန်းပြောဆိုခဲ့သူကို လိဂ်ကော်မတီနှင့် သက်ဆိုင်ရာ ရုပ်သံမှ မည်သို့ အရေးယူမည်ကို စောင့်ကြည့်မည်ဟု သတင်းထုတ်ပြန်ခဲ့သည်။
တောင်းဆို
"ဖြစ်စဉ်က ရုပ်သံထုတ်လွှင့်တဲ့ဘက်ကဖြစ်တာပါ။ ကျွန်တော်တို့က အများဆုံးကန့်ကွက် တာပဲရမယ်။ အပြစ်ပေးအရေးယူတဲ့အပိုင်းက ရုပ်သံဘက်ကလုပ်ရမှာပါ။ နေရှင်နယ်လိဂ် ဘက်ကလည်း လူမျိုးရေးခွဲခြားတာကို လုံးဝရှုံ့ချတယ်ဆိုတာကိုလည်း သတင်းထုတ်ပြန် ပေးထားပါတယ်။ လူမျိုးရေးခွဲခြားခဲ့တဲ့သူကိုလည်း ရုပ်သံဘက်က အရေးယူပေးဖို့ လိဂ်ဘက်ကလည်း တောင်းဆိုထားပါတယ်။ အရေးယူမယ်လို့လည်း ကြားပါတယ်" ဟု ၎င်းတာဝန်ရှိသူက ပြောဆိုခဲ့သည်။
ကန့်ကွက်
အဆိုပါ ရှမ်းနှင့်ရခိုင်ယူနိုက်တက်ပွဲစဉ်ကို မြဝတီရုပ်သံရိုက်ကူးရေးအဖွဲ့မှ ရိုက်ကူး၍ တိုက်ရိုက်ထုတ်လွှင့်ခဲ့ပြီး ထိုမှတဆင့် LIVE Stream ကို ရယူကာ My Sports ၏ လူမှုကွန်ရက်စာမျက်နှာမှ တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။ ယင်းအဖြစ်အပျက်နှင့်ပတ်သက်၍ ရခိုင်ယူနိုက်တက်နည်းတူ မြန်မာနေရှင်နယ်လိဂ်နှင့် My Sportsတို့၏ တရားဝင်စာမျက်နှာများမှ ကန့်ကွက်ရှုံ့ချကြောင်း သတင်းများထုတ်ပြန်ခဲ့သည်။
ထို့အပြင် မြဝတီရုပ်သံမှလည်း ယင်းဖြစ်စဉ်အတွက် များစွာစိတ်မကောင်းဖြစ်ရပြီး သက်ဆိုင်သူများအား အနူးအညွတ်တောင်းပန်ပါကြောင်း၊ အစီအစဉ်ကြေညာသူအားလည်း လိုအပ်သလို အရေးယူမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။