Tuesday, May 28, 2019

အမေရိကန်ကို လက်တုံ့ပြန်ရေးအတွက် ဆိုက်ဘာဥပဒေကို ပြဋ္ဌာန်းရန် စီစဉ်နေသည့် တရုတ်

 Image result for huawei
 အမေရိကန်အစိုးရကို လက်တုံ့ပြန်သည့် အနေဖြင့် အမေရိကန် နည်းပညာကုမ္ပဏီကြီးများ တရုတ်နိုင်ငံ အတွင်းသို့ လာရောက် စီးပွားရေး လုပ်ဆောင်ခြင်းအား ပိတ်ပင်တားမြစ်နိုင်မည့် ဆိုက်ဘာဥပဒေများကို တရုတ်က ပြဋ္ဌာန်းရန် စီစဉ်လျက်ရှိသည်။တရုတ်ဆိုက်ဘာစီမံအုပ်ချုပ်ရေး အဖွဲ့က ဆိုက်ဘာဥပဒေမူကြမ်း တစ်စောင်ကို မေ ၂၄ ရက်က ရေးဆွဲခဲ့ပြီး ယင်းမူကြမ်းအား ဥပဒေအဖြစ် ပြဋ္ဌာန်းနိုင်ရေးအတွက် နိုင်ငံအတွင်းရှိ နည်းပညာ အဖွဲ့အစည်းများထံမှ သတင်းအချက်အလက် အားလုံး လိုအပ်မည်ဖြစ်သည်။တရုတ်နိုင်ငံအတွင်းရှိ အဆိုပါ နည်းပညာ အဖွဲ့အစည်းများ အနေဖြင့် ပြည်ပနည်းပညာမြင့် ကုန်ပစ္စည်းများကို ဝယ်ယူ အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် အမျိုးသား လုံခြုံရေးအန္တရာယ်နှင့် စပ်လျဉ်း၍ အကဲဖြတ် သုံးသပ်ကြမည် ဖြစ်သည်တရုတ်နိုင်ငံက အမေရိကန်နည်းပညာ ကုမ္ပဏီများကို တားမြစ်ပိတ်ပင်နိုင်မည့် ဆိုက်ဘာဥပဒေမူကြမ်း ထုတ်ပြန်ခဲ့ခြင်းကို ကြည့်မည်ဆိုပါက နှစ်နိုင်ငံကြား ဖြစ်ပေါ်နေသည့် ကုန်သွယ်ရေး တင်းမာမှု ပိုမိုမြင့်တက်လာခြင်းကို ထင်ဟပ်ပြသနေခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။တရုတ်နိုင်ငံက ဆိုက်ဘာဥပဒေကို ပြဋ္ဌာန်းရန် ကြိုးပမ်းခြင်းသည် အမေရိကန် ပြည်ထောင်စုအား ပြင်းပြင်းထန်ထန် တုံ့ပြန်လိုက်ခြင်း ဖြစ်သည်ဟု ကျွမ်းကျင်သူများက ဆိုသည်။ အမေရိကန် အစိုးရက တရုတ်နည်းပညာ ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် HUAWEI ၏ လုပ်ဆောင်ချက်များကို ကန့်သတ်မှုအပေါ် နှစ်နိုင်ငံကြား သဘောထားကွဲလွဲနေစဉ် တရုတ်က အဆိုပါ ဆိုက်ဘာဥပဒေကို ပြဋ္ဌာန်းရန် ကြိုးပမ်းချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ယခုအခါ နှစ်နိုင်ငံစလုံးက တစ်နိုင်ငံ၏ ကုန်ပစ္စည်းများနှင့် နည်းပညာကုမ္ပဏီ အသီးသီးအပေါ် တားမြစ်ပိတ်ပင်လျက်ရှိသည်ကို တွေ့ရမည်ဖြစ်သည်။အမေရိကန် အစိုးရသည် နိုင်ငံ၏ အမျိုးသားလုံခြုံရေးအပေါ် အန္တရာယ် ကျရောက်လာနိုင်သည့် ဝန်ဆောင်မှုများနှင့် ကုန်ပစ္စည်းများကို ပြိုင်ဘက်နိုင်ငံများ ဖြစ်လာနိုင်သည့် နိုင်ငံများထံ တင်ပို့ခြင်းကို တားမြစ်ပိတ်ပင်ထားသည့် အမိန့်တစ်ရပ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သည်။အဆိုပါ တားမြစ်ကုန်ပစ္စည်းများတွင် Intel နှင့် Qualcomm တို့မှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများ သို့မဟုတ် Google မှ ထုတ်လုပ်ထားသည့် မိုဘိုင်းလ်ဖုန်းများတွင် အသုံးပြုသည့် လည်ပတ်ရေးစနစ် ပရိုဂရမ်တို့ ပါဝင်သည်။အမေရိကန်အစိုးရက တရုတ်နည်းပညာ ကုမ္ပဏီအပေါ် ချမှတ်ခဲ့သည့် ကန့်သတ်မှုများကို တုံ့ပြန်သည့်အနေဖြင့် တရုတ်နိုင်ငံက ရေးဆွဲထားသည့် ဆိုက်ဘာဥပဒေမူကြမ်းကို နိုင်ငံအတွင်းရှိ ပြည်သူများ လေ့လာရန်နှင့် တုံ့ပြန်ချက် ပေးနိုင်ရန် အစိုးရက ဇွန် ၂၄ ရက်အထိ အွန်လိုင်းပေါ်သို့ တင်ထားပေးမည်ဖြစ်သည်။အကယ်၍ တရုတ်နိုင်ငံက အဆိုပါ ဥပဒေမူကြမ်းအား ဥပဒေအဖြစ် တရားဝင် ပြဋ္ဌာန်းလိုက်ပြီဆိုပါက နှစ်နိုင်ငံကြား လက်ရှိ ဖြစ်ပွားနေသည့် ကုန်သွယ်ရေး တင်းမာမှုမှာ ပိုမိုအရှိန်မြင့်တက်လာနိုင်ဖွယ် ရှိကြောင်း ရေးသား တင်ပြလိုက်ရပါသည်။
Disqus Comments