
ပင်လောင်းမြို့နယ်၊ ဘန်းပြင်ကျေးရွာအုပ်စု၊ နောင်လင်ရွာဘုန်းကြီးကျောင်း၌ ဖမ်းဆီးရမိခဲ့သည့် ရဲတပ်ကြပ်ကြီးမြင့်နိုင်။ဓာတ်ပုံ - မြန်မာနိုင်ငံရဲတပ်ဖွဲ့
ကျိုင်းတုံမြို့မရဲစခန်းတွင် မူးယစ်အမှုဖြင့် သိမ်းဆည်းထားသည့် ကျပ်သိန်းတစ်သောင်းကျော်ဖိုးရှိ ICE များကို ကျောက်ချဉ်ဖြင့် အစားထိုးလဲလှယ်ခဲ့ပြီး တိမ်းရှောင်နေသည့် ရဲတပ်ကြပ်ကြီးနှင့်ရဲတပ်သားကို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဇွန်၂၆ရက်တွင် ကျိုင်းတုံမြို့နယ်၌ မူးယစ်ဆေးဝါးများ ဖျက်ဆီးမည့်ပွဲကိုကျင်းပမည်ဖြစ်ရာ အဆိုပါပွဲအတွက် ထိန်းသိမ်းထားသည့်မူးယစ်ဆေးဝါးများထဲမှ ကျပ်သိန်း ၁၂၀ဝ၀ တန်ဖိုးရှိ ICE တစ်ကီလိုဂရမ် ၁၀၃ ထုပ်အနက် ၆၄ ထုပ်မှာ မူလမှတ်သားထားသည့် အနေအထားပျက်ယွင်းနေကြောင်း မေ ၂၉ ရက်တွင် သက်ဆိုင်ရာက တွေ့ရှိခဲ့သည်။
အဆိုပါပစ္စည်းများထားရှိသည့် စတိုခန်းသော့ကိုင် ရဲတပ်ကြပ်ကြီး မြင့်နိုင်နှင့် အပေါင်းပါအချို့မှာလည်း မေ ၁၅ ရက်မှ စတင်ကာ အကြောင်းမဲ့ပျက်ကွက်တိမ်းရှောင်နေ သဖြင့် စစ်ဆေးခဲ့သည်။
အဆိုပါ ICE မူးယစ်ဆေးဝါးများကို စစ်ဆေးခဲ့ရာ ပုံစံတူညီသည့် ကျောက်ချဉ်ကဲ့သို့ ပစ္စည်းများဖြင့် လဲလှယ်ထားကြောင်း စစ်ဆေးတွေ့ရှိသဖြင့် စတိုခန်းသော့ကိုင် ရဲတပ်ကြပ်ကြီး မြင့်နိုင် နှင့် တိမ်းရှောင်နေသူ ရဲတပ်သား ဝေဖြိုးတို့ကို ဖမ်းဆီးရမိရေး အတွက် ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ) ၁၃၅/၁၉ ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၈(ဃ)/၂၂(ဃ)ဖြင့် အမှုဖွင့်စုံစမ်းခဲ့သည်။
အမှုဖြင့်တိမ်းရှောင်နေသူ ရဲတပ်သားဝေဖြိုးကို မေ ၃၀ ရက်တွင် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့မရဲစခန်းက ဖမ်းဆီးရမိခဲ့ပြီး အမှုတွင်တိမ်းရှောင်နေသူ ရဲတပ်ကြပ်ကြီးမြင့်နိုင် ကို ဇွန် ၂ ရက်တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဘန်းပြင်ကျေးရွာအုပ်စု၊ နောင်လင်ရွာဘုန်းကြီးကျောင်း၌ သင်္ကန်းဝတ်ဖြင့် တီကျစ်နယ်မြေရဲစခန်းက ဖမ်းဆီးရမိခဲ့သည်။
ကျိုင်းတုံမြို့မရဲစခန်းသို့ ပြန်လည်လွှဲပြောင်းကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
crt : mmtimes